ကန္တာရဝတီတိုင်း(မ်)
၂၀၂၆ နိုဝင်ဘာလကနေ ၂၀၂၇ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှာ အယ်လ်နီညို အားကောင်းလာနိုင်တာ၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်တာနဲ့ ဒေသအလိုက် အပူချိန်နဲ့ မိုးရွာသွန်းမှု ပြောင်းလဲနိုင်တာတွေကို သတိထားဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့ သုံးသပ်ချက်အရ လာမယ့်သုံးလအတွင်း အယ်လ်နီညို၊ အိန္ဒိယသမုဒ္ဒရာ အပူချိန်ကွာခြားမှုဖြစ်စဉ် Positive Indian Ocean Dipole (+IOD) နဲ့ MJO (Madden-Julian Oscillation) တို့ရဲ့ အပြန်အလှန် သက်ရောက်မှုတွေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ဦးဝင်းနိုင်ရဲ့ သုံးသပ်ချက်က အမေရိကန်အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးအဖွဲ့ (NOAA)ရဲ့ Climate Prediction Center (CPC) ထုတ်ပြန်ချက်တွေကို အခြေခံထားတာပါ။ ဒါပေမယ့် ကမ္ဘာ့အဆင့် ရာသီဥတုခန့်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ဒေသဆိုင်ရာ ရာသီဥတုအခြေအနေတွေကို ခွဲခြားနားလည်ဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
အယ်လ်နီညို အားကောင်းလာနိုင်ပြီး ၂၀၂၇ ခုနှစ်အစောပိုင်းအထိ ဆက်လက်လွှမ်းမိုးနိုင်
NOAA CPC ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ အယ်လ်နီညိုဟာ ပိုမိုအားကောင်း လာနေပြီး ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အစောပိုင်းအထိ အားကောင်းမှ အလွန်အားကောင်းတဲ့ အဆင့်မှာ ဆက်လက်တည်ရှိနိုင်ခြေ ၈၃ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတာပါ။ ဒါ့အပြင် ၂၀၂၆ အောက်တိုဘာမှ ဒီဇင်ဘာအတွင်း အယ်လ်နီညိုရဲ့ ပြင်းအားဟာ ၁၉၅၀ ပြည့်နှစ်မှစပြီး မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ သမိုင်းဝင်အဆင့် ရောက်ရှိနိုင်ခြေ ၈၃ ရာခိုင်နှုန်းရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အဆိုပါ ၈၃ ရာခိုင်နှုန်းဆိုတဲ့ ကိန်းဂဏန်းဟာ သတ်မှတ်ထားတဲ့ သုံးလတာ ကာလအတွင်း အယ်လ်နီညိုရဲ့ ပြင်းအားသမိုင်းဝင်အဆင့်ရောက်ရှိနိုင်ခြေကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ မိုးကြီးမယ် (ဒါမှမဟုတ်) အပူချိန်မြင့်မယ်လို့ မဆိုလိုပါဘူး။
အယ်လ်နီညိုဟာ အီကွေတာ ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာတာနဲ့ ဆက်စပ်တဲ့ သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ ကမ္ဘာတစ်ဝန်း လေထုလှည့်ပတ်မှုပုံစံတွေကို ပြောင်းလဲစေနိုင်တယ်ဆိုပေမယ့် နိုင်ငံတိုင်းနဲ့ ဒေသတိုင်းမှာ တူညီတဲ့ ရာသီဥတုအကျိုးဆက်တွေ ဖြစ်ပေါ်မယ်လို့လည်း မဆိုလိုပါဘူး။
ဒါကြောင့် အယ်နီညိုသက်ရောက်မှု ရှိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီအခြေအနေကို သုံးသပ်ဖို့က ဒေသတွင်း မိုးလေဝသခန့်မှန်းချက်တွေနဲ့ ပေါင်းစပ်ဖို့လိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေကို စောင့်ကြည့်ရန်လို
မိုးလေဝသပညာရှင်ဦးဝင်နိုင်ရဲ့ သုံးသပ်ချက်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအခြေအနေကြောင့် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာနဲ့ ကမ်းရိုးတန်းရေလွှမ်းမိုးတာတွေကို သတိပြုဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေရှိတာနဲ့ မုန်တိုင်းတစ်ခု မြန်မာနိုင်ငံကို ဝင်ရောက်မယ်ဆိုတာဟာ မတူညီတဲ့အခြေအနေတွေဖြစ်ပါတယ်။ မုန်တိုင်းရဲ့ ဖြစ်ပေါ်ရာနေရာ၊ ရွေ့လျားရာလမ်းကြောင်း၊ အားပြင်းမှုနဲ့ ကမ်းရိုးတန်းအပေါ် သက်ရောက်တာတွေကို သီးခြားစောင့် ကြည့်ဖို့ လိုအပ်ပါတယ်။

ဆောင်းရာသီ အပူချိန်နှင့် မိုးရွာသွန်းမှုအခြေအနေ
လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ အပူချိန်ဟာ ပုံမှန်ထက် မြင့်တက်နိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။ ဒါပေမယ့် အဲဒါကို တစ်နိုင်ငံလုံးအတွက် အတည်ပြုထားတဲ့ ခန့်မှန်းချက်အဖြစ် ယူဆလို့မရပါဘူး။ အပူချိန်အခြေအနေဟာ ဒေသအလိုက် ကွဲပြားနိုင်ပြီး အေးမြတဲ့ရက်တွေ၊ မြူထူထပ်တာနဲ့ နေ့ ည အပူချိန်ကွာခြားမှုတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။
အယ်လ်နီညိုအားကောင်းခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးနည်းမယ်လို့လည်း တိုက်ရိုက် ကောက်ချက်ချလို့ မရပါဘူး။ ဒေသတစ်ခုချင်းစီရဲ့ မိုးရွာသွန်းမှုပုံစံဟာ အခြားလေထုဖြစ်စဉ်တွေ၊ လေဖိအားစနစ်တွေနဲ့ ပင်လယ်ရေမျက်နှာပြင်အခြေအနေများအပေါ် မူတည်နိုင်ပါတယ်။
ဒါကြောင့် ရာသီဥတုအခြေအနေကို စောင့်ကြည့်တဲ့အခါ အပူချိန်ခန့်မှန်းချက်နဲ့ မိုးရွာသွန်းမှုခန့်မှန်းချက် တွေကို သီးခြားလေ့လာသင့်ပြီး ဒေသဆိုင်ရာ သတိပေးချက်တွေကိုလည်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။
ရေအရင်းအမြစ်နှင့် စိုက်ပျိုးရေးအတွက် ကြိုတင်ပြင်ဆင်မှု
အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေဟာ ၂၀၂၇ ခုနှစ်အစောပိုင်းအထိ ဆက်လက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် နွေရာသီအကူးကာလမှာ ရေအရင်းအမြစ်နဲ့ စိုက်ပျိုးရေးဆိုင်ရာ အခြေအနေတွေကိုလည်း စောင့်ကြည့်သင့်ပါတယ်။
အထူးသဖြင့် မိုးရွာသွန်းမှုနည်းပါးတဲ့ ဒေသတွေမှာ သောက်သုံးရေသိုလှောင်တာ၊ ဆည်နဲ့ ရေလှောင်ကန်တွေရဲ့ ရေအခြေအနေ၊ မြေဆီလွှာစိုထိုင်းဆနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရေလိုအပ်ချက်တွေကို ကြိုတင်စီမံထားတာက အကျိုးရှိနိုင်ပါတယ်။
ကရင်နီပြည်မှာလည်း နှစ်စဉ်ရေရှားပါးမှုပြဿနာဟာ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် ပိုမိုဖိအားဖြစ်စေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာနေရာတွေမှာ ရေရရှိနိုင်မှု၊ ရေသယ်ယူပို့ဆောင်စရိတ်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ လက်လှမ်းမီမှုတို့ဟာ အရေးကြီးတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
အယ်လ်နီညိုရဲ့ သက်ရောက်မှုနဲ့ ရာသီဥတုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး ရေရှားပါးမှု မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်မှသာ ပြည်သူတွေရဲ့ သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအပေါ် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ရာသီဥတုခန့်မှန်းချက်များကို ပုံမှန်စောင့်ကြည့်ရန် အရေးကြီး
လာမယ့် သုံးလတာကာလအတွင်း မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေကို သုံးသပ်တဲ့အခါ အယ်လ်နီညိုရဲ့ အားကောင်းလာနိုင်မှု၊ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေနဲ့ ဒေသအလိုက် အပူချိန်၊ မိုးရွာသွန်းမှု ပြောင်းလဲနိုင်ခြေတို့ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
NOAA CPC ရဲ့ ကမ္ဘာ့အဆင့် ရာသီဥတုခန့်မှန်းချက်တွေက အယ်လ်နီညိုလို ရာသီဥတုဖြစ်စဉ်တွေရဲ့ အခြေအနေကို နားလည်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေက မြန်မာနိုင်ငံမှာ ဘယ်လိုသက်ရောက်မလဲဆိုတာကို သိနိုင်ဖို့တော့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) ရဲ့ ဒေသအလိုက် မိုးလေဝသခန့်မှန်းချက်တွေနဲ့ မုန်တိုင်းသတိပေးချက်တွေကိုပါ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ရာသီဥတုအခြေအနေတွေကို ကြိုတင်သတိပြုလေ့လာပြီး သက်ဆိုင်ရာဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို ပုံမှန်စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ ရာသီဥတုအန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့ အခါမှာလည်း သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ သတိပေးချက်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်း အားဖြင့် မိမိတို့နဲ့ မိသားစုတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်နိုင်သလို ကြိုတင်ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။







