ကန္တာရဝတီတိုင်း(မ်)
၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် မြန်မာတနိုင်ငံလုံးမှာ ဖြစ်စဉ် ၁၆၉ ခု ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၅၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ UNICEF Myanmar ရဲ့ မေလထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ကမ္ဘာ့မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအစီရင်ခံစာရဲ့ နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုဝင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။
ကရင်နီဒေသမှာလည်း မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်မှုတွေ လစဉ်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာအများအပြားမှာ အန္တရာယ်တွေ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီလိုပစ္စည်းတွေဟာ စစ်ပွဲဖြစ်ပွားနေချိန်သာမက စစ်ပွဲပြီးဆုံးသွားတဲ့နောက် နှစ်ပေါင်းများစွာအထိ လူ့အသက်၊ အိုးအိမ်နဲ့ လူမှုဘဝကို ကြာမြင့်စွာ ခြိမ်းခြောက်နိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်အသိပညာရှိထားဖို့ အရေးကြီးပါတယ်။
မြေမြှုပ်မိုင်းဆိုတာဘာလဲ။
မြေမြှုပ်မိုင်းဆိုတာ မြေမျက်နှာပြင်အောက်၊ မြေမျက်နှာပြင်ပေါ် (သို့မဟုတ်) အခြားနေရာတွေမှာ ထောင်ထားတဲ့ ပေါက်ကွဲစေတတ်တဲ့လက်နက်တမျိုး ဖြစ်ပါတယ်။ လူ၊ တိရစ္ဆာန် (သို့မဟုတ်) ယာဉ်တစီးက ထိမိတာ၊ နင်းမိတာ (သို့မဟုတ်) အနီးကပ်ရောက်လာတာနဲ့ ပေါက်ကွဲနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းဆိုတာဘာလဲ။
တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းဆိုတာကတော့ ပဋိပက္ခအတွင်း အသုံးပြုခဲ့ပေမဲ့ မပေါက်ကွဲသေးတဲ့ ကျည်၊ ဗုံးနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ၊ အသုံးမပြုဘဲ စွန့်ပစ်ထားတဲ့ စစ်ပစ္စည်းတွေကို ဆိုလိုပါတယ်။ ဒီပစ္စည်းတွေဟာ အချိန်ကြာမြင့်သွားရင်တောင် ထိမိတာ၊ ရွှေ့မိတာ (သို့မဟုတ်) အနှောင့်အယှက်ဖြစ်မိတာနဲ့ ပေါက်ကွဲနိုင်တဲ့အန္တရာယ် ရှိနေဆဲ ဖြစ်ပါတယ်။
အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို ဘယ်လိုသိနိုင်မလဲ။
မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ယခင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ ဗုံးပေါက်ကွဲခဲ့တဲ့ လက္ခဏာတွေ့ရတဲ့နေရာတွေ၊ ပျက်စီးနေတဲ့ (သို့မဟုတ်) စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေ၊ ကျင်းတွေမှာ တွေ့ရနိုင်ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေ အသုံးပြုခဲ့တဲ့ ယာဉ်တွေ၊ တပ်စွဲခဲ့တဲ့ နေရာတွေ၊ လက်နက် သိုလှောင်ရုံတွေ၊ စစ်ဆေးရေး ဂိတ်တွေ၊ အသုံးပြုခဲ့တဲ့ လမ်းကြောင်းတွေမှာလည်း အန္တရာယ်ရှိနိုင်ပါတယ်။
လူမနေတော့တာ ကြာမြင့်တဲ့ ကျေးရွာတွေ၊ စိုက်ပျိုးမြေတွေ၊ သစ်တောတွေ၊ မြက်ထူတဲ့ နေရာတွေအပြင် လမ်းမကြီးတွေ၊ တံတားတွေ၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး အဆောက်အအုံတွေ၊ ရေအရင်းအမြစ်နဲ့ သယံဇာတထုတ်ယူတဲ့ နေရာတွေမှာလည်း အန္တရာယ်ရှိနိုင်တာကြောင့် အထူးသတိထားသင့်ပါတယ်။
အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ဘယ်လိုရှောင်ကြဉ်မလဲ။
မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ လူနဲ့ တိရစ္ဆာန်တို့ရဲ့ ထိတွေ့မှုကြောင့် ပေါက်ကွဲနိုင်တာကြောင့် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ တိရစ္ဆာန်တွေကို လွှတ်ကျောင်းတာ၊ ထိန်းကျောင်းတာ မပြုလုပ်သင့်ပါဘူး။
တကယ်လို့ တိရစ္ဆာန်တကောင် ထိခိုက်သေဆုံးနေတယ် (သို့မဟုတ်) မိုင်းထိထားတယ်လို့ သံသယရှိရင် အနီးကို မသွားသင့်ပါဘူး။ အဲဒီနေရာမှာ နောက်ထပ် မြေမြှုပ်မိုင်း (သို့မဟုတ်) ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှိနေနိုင်ပါတယ်။
အခုလို ရာသီမှာ မျှစ်၊ မှိုနဲ့ ဟင်းသီးဟင်းရွက်တွေ ရှာဖို့ တောထဲသွားတဲ့အခါ၊ ဒါမှမဟုတ် ခရီးသွားတဲ့အခါမှာလည်း လုံခြုံတဲ့ လမ်းကြောင်းနဲ့ နေရာတွေကို ဒေသခံတွေထံ ကြိုတင်မေးမြန်းပြီးမှ သွားလာသင့်ပါတယ်။ သတိပေးဆိုင်းဘုတ်နဲ့ အမှတ်အသားတွေကိုလည်း အမြဲလိုက်နာရပါမယ်။
မိမိတို့ရဲ့ ကလေးငယ်တွေကိုလည်း မသိတဲ့ပစ္စည်းတွေ မကောက်ယူဖို့၊ မထိဖို့၊ မကစားဖို့ သင်ကြားပေးထားသင့်ပြီး မရင်းနှီးတဲ့ အရာဝတ္ထုတွေ တွေ့ရင် လူကြီးတွေကို ချက်ချင်းပြောပြဖို့လည်း အသိပေးထားရပါမယ်။
အရေးကြီးဆုံးကတော့ မသင်္ကာဖွယ် သတ္တုပစ္စည်းတွေ၊ ကျည်ဆံတွေ၊ ဗုံးအပိုင်းအစတွေ (သို့မဟုတ်) မသိတဲ့ ပစ္စည်းတွေကို တွေ့ရှိရင် လုံးဝ မထိပါနဲ့၊ မရွှေ့ပါနဲ့၊ မဖွင့်ကြည့်ပါနဲ့။ နေရာကနေ ချက်ချင်းခွာပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ လိုပါတယ်။
မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ စစ်ပွဲပြီးဆုံးသွားတဲ့နောက်မှာတောင် လူ့အသက်၊ အိုးအိမ်နဲ့ လူမှုဘဝကို ဆက်လက်ခြိမ်းခြောက်နိုင်တဲ့အန္တရာယ်တခု ဖြစ်ပါတယ်။
ဒါကြောင့် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို မိမိကိုယ်တိုင် သိရှိထားတာ၊ လုံခြုံရေးလမ်းညွှန်ချက်တွေကို လိုက်နာတာတွေအပြင် မိသားစုဝင်တွေ၊ ရပ်ရွာထဲက လူတွေဆီ အသိပညာတွေကို ပြန်လည် မျှဝေပေးတာက မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုတွေကို လျှော့ချနိုင်မယ့် အရေးကြီးတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။





