spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)ဆောင်းပါး“စစ်ကော်မရှင်တပ် ကင်းစင်တဲ့ ရွာသစ်မြို့ရဲ့ နှစ်နှစ် ဝန်းကျင် အခြေအနေ“

“စစ်ကော်မရှင်တပ် ကင်းစင်တဲ့ ရွာသစ်မြို့ရဲ့ နှစ်နှစ် ဝန်းကျင် အခြေအနေ“

-

ကန္တာရဝတီတိုင်း(မ်)

ရွာသစ်မြို့ဟာ ကရင်နီပြည်၊ ဘောလခဲ မြို့နယ် အစွန်က မြို့လေးတမြို့ဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော် နဲ့ လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ မြို့အတွင်းမှာ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်တပ်စွဲတာတွေရှိခဲ့ပေမဲ့ ၁ လေးလုံး စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလမှာပဲ မြို့အတွင်းကနေပြန်လည်ဆုတ်ခွာသွားတာကြောင့် အခုဆိုရင် စစ်ကော်မရှင်တပ် ကင်းစင်တဲ့ မြို့လေးအဖြစ် တည်ရှိနေပါတယ်။

စစ်ကော်မရှင် ကင်းစင်သွားပြီဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးမှုတွေကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာတွေကို အပြည့်အဝ မရကြပါဘူး။ လောက်ငှရုံသာ စားသုံးနိုင်တဲ့ အိမ်ခြေ ၅၀ ဝန်းကျင်သာ ရှိနေပြီး၊ ကျန်တဲ့သူတွေကတော့ အကူအညီတွေ အထူးလိုအပ်နေဆဲ အနေအထား ဖြစ်တယ်လို့ မြို့ခံအရေး တက်ကြွလှုပ်ရှားတဲ့ ဒေသခံတဦးက ပြောပြပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ ထရမ့် ရဲ့ လူသားချင်းစာထောက်ထားမှုဆိုင်ရာ အကူအညီ ရပ်ဆိုင်းမှုတွေဟာ ရွာသစ်ဒေသခံ ၁၅၀၀ ဝန်းကျင်အပေါ် သက်ရောက်မှု ရှိပါတယ်။ အဲ့ဒီအကူအညီ ရပ်ဆိုင်းလိုက်တဲ့ နောက်ပိုင်းမှာ ရွာသစ်က ဒေသခံတွေကို တဆင့်ခံကူညီပေးနေတဲ့ လူမှုအသင်းအဖွဲ့တွေဆီကနေ အကူအညီ မရရှိတော့ဘူးလို့ ဆိုပါတယ်။

ယခင်စစ်ပွဲတွေကြောင့် သူတို့ တိမ်းရှောင်နေကြချိန်မှာလည်း ဒေသခံတွေ ပိုင်ဆိုင်တဲ့ ကျွဲ၊ နွား တွေကို စစ်ကော်မရှင်တပ်က ပစ်ခတ်၊ စားသောက်ခဲ့တာတွေ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ပုပ်ပွနေတဲ့ တိရစ္ဆာန်တွေရဲ့ အရေအတွက်ကို ခန့်မှန်းရရင် နွား က ၁၀ ကောင် ဝန်းကျင်ရှိပြီး ကျွဲ အကောင် ၂၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိန်းကျောင်းမယ့်သူ မရှိတော့တာကြောင့် တောထဲကိုအစာရှာထွက်ပြီး အရိုင်းဆန်တဲ့ ကျွဲ၊ နွား တွေ ဖြစ်လာတာ ရာနဲ့ချီ ရှိတယ်လို့ ရွာသစ်ဒေသခံ ကျွဲ၊ နွား ပိုင်ဆိုင်သူတွေက ပြောပြပါတယ်။

“ကျနော်လည်း ကျွဲ မွေးတာပဲ၊ တကယ်တမ်းဆို ၂၀ ကျော် ၃၀ လောက် ရှိရမှာ၊ အခုဆို ၁၄ကောင်ပဲ။ အဲ့လိုမျိုးပေါ့ တချို့တွေကလည်း နွားတွေဆို အုပ်လိုက် ၃၀ ကျော် ၄၀ကျော် တကောင်မှ ပြန်မရတဲ့လူလည်းရှိတယ် အဲ့လိုမျိုးပေါ့” လို့ ကျွဲမွေးထားသူ ရွာသစ်ဒေသခံတဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် အစောပိုင်းမှာ နေရပ်ပြန်ကြည့်ပြီး တချို့ကတော့ တောင်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့လည်း အပြီးနေတာမျိုး မလုပ်နိုင်ကြသေးပါဘူး။ စစ်ကော်မရှင်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လေကြောင်း အန္တရာယ်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင် တပ်စွဲနေထိုင်စဉ်မှာ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို မရှင်းလင်းနိုင်သေးတာကြောင့်လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်အစောပိုင်းမှာ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံအမျိုးသားတဦးကတော့ မြေမြှုပ်မိုင်းကြောင့် ခြေတဘက် ဆုံးရှုံးရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ရွာသစ်မြို့ခံတွေဟာ မတိမ်းရှောင်ရခင် မြို့တွင်းမှာနေကတည်းက စစ်ကော်မရှင်တပ် ဝင်ရောက်တပ်စွဲထားမှုကြောင့် နေအိမ်မှာနေထိုင်ခွင့်မရဘဲ မြို့တွင်းက ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ ၂၀၂၃ ခုနှစ်မှာပဲ မြို့တွင်းကနေ တိမ်းရှောင်ဖို့ ကြိုးစားနေတဲ့ မြို့ခံတွေကို စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့ပြီး အရပ်သား ၆ ဦးအထိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဆေးကုသခွင့်မရတာကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတဦးနဲ့ မိန်းကလေးငယ်တဦးလည်း သေဆုံးခဲ့ရတာကြောင့် သေဆုံးသူ ၈ ဦး အထိ ရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ၎င်းတို့ သတ်ဖြတ်ခဲ့တဲ့ အရပ်သားတွေကို နေအိမ်ခြံဝန်းထဲမှာပဲ မြေမြုပ်ခဲ့တာဖြစ်ပြီး အဆိုပါခြံဝန်းထဲမှာ မြေမြှုပ်မိုင်းတွေကိုလည်း ထောင်ထားခဲ့ပါတယ်။

“ကျနော်တို့ ရွာမှာ ပျောက်သွားတဲ့ လူ ၄ ယောက်ကို သတ်တာ၊ တနေရာ ၄ ယောက်တော့တွေ့တယ်။ ‌နောက်ထပ် လူ ၃ ယောက်ကို အလောင်းပြန်ရှာဖို့ ဒီရွာထဲမှာပဲရှိတယ်ဆိုတော့ ကျနော်တို့ လိုက်ရှာတယ်။ ဒါပေမဲ့ တလောင်း၊ နှစ်လောင်းပေါ့။ နှစ်လောင်းကျန်နေတာ ခြံထဲမှာပဲရှိတယ်လို့ သတင်းရထားတယ်ပေါ့။ ဖမ်းခံရထားတဲ့ကလေးတွေ ပြောပြတာက အဲဒီကတုတ်ကျင်း ဘေးနားမှာပဲ နှစ်လောင်းစလုံး အတူတူထပ်ပြီး မြုပ်ထားတယ်လို့။ အဲဒါကို ကျနော်တို့ ရှာမတွေ့တော့ အဲ့ဒီခြံထဲမှာလည်း ကျနော်တို့ မရှာရဲဘူး။ ကျွဲတွေ၊ နွားတွေလည်း မြေမြှုပ်မိုင်း နင်းမိထားတာလည်း မနည်းဘူးပေါ့။ တချို့တွေလည်း ခြေထောက်ပြတ်၊ တချို့လည်း သူ့သူသေ အဲ့လိုမျိုးတွေရှိတော့ ဝင်မရှာရဲဘူး ဖြစ်နေတာ။” လို့ ရွာသစ်ဒေသခံတဦးက ၂၀၂၃ ခုနှစ်က မြို့ခံ ၅၀၀ ကျော်ကို ဘုန်းကြီးကျောင်းမှာ ပိတ်လှောင်ထားစဉ်က အသတ်ခံခဲ့ရတဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေနေကြပုံကို ပြောပြတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ စစ်ကော်မရှင်တပ်တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကြောင့် ပြန်လာမနေထိုင်ကြသေးပါဘူး။ နေရပ်ပြန်ပြီး ခြံဝန်းနဲ့ နေအိမ် သန့်ရှင်းရေး လုပ်သူတွေရှိကြပေမဲ့ စစ်ကော်မရှင် တပ်စွဲခဲ့တဲ့နေရာအနီးအနားက နေအိမ်တွေကိုတော့ ပြန်လာမကြည့်ရဲကြသေးပါဘူး။

စစ်ကော်မရှင်တပ်ဟာ ရွာသစ်မြို့ကနေ နောက်ဆုတ်မသွားခင်အထိ ရွာသစ်မြို့ခံ ထက်ဝက်ကျော်ကို မြို့တွင်းက ဘုန်းကြီးကျောင်းမှာပဲ ပိတ်ထားခဲ့တာပါ။ တောင်ယာလုပ်ငန်းကိုလည်း အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ခွင့် မရခဲ့ကြပါဘူး။ ဒါ့အပြင် သူတို့(ဒေသခံ)စုဆောင်းသိုလှောင်ထားတဲ့ ရိက္ခာတွေကိုလည်း စစ်ကော်မရှင်တပ်က သုံးစွဲတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း စားဝတ်နေရေးအတွက် အခက်အခဲ ပိုမိုများပြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပိုက်ဆံဝင်တဲ့လူဆို တယောက်မှ မရှိဘူးဗျ ၊ ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်တာဝန်နဲ့ကိုယ် ကိုယ့်ခြံနဲ့ကိုယ်ပဲ လုပ်သွားကြတာ အဲ့လိုမျိုး။” လို့ နှမ်းစိုက်တောင်သူတဦးက အခုကာလမှာ ရွာသစ်ဒေသခံတွေတိုင်းရဲ့ အခြေအနေကို ပြောပြတာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ခြံလုပ်ငန်းဖြစ်တဲ့ နှမ်းကို ပြန်လည်စိုက်ပျိုးနေကြပါပြီ။ သို့ပေမဲ့လည်း စားဝတ်နေရေးအတွက် တပိုင်တနိုင်သာ ဖြစ်ပါတယ်။ ယခင်ကလို စီးပွားဖြစ်အနေနဲ့ အများကြီးကို မစိုက်ပျိုးနိုင်ကြတော့ပါဘူး။

“အဓိက သူတို့စားဖို့ စားနပ်ရိက္ခာလိုအပ်ချက်ပဲ တအားအခက်ခဲဖြစ်တာပေါ့။ ကျနော်တို့ ဒီတနှစ် နှမ်းကောင်းပါစေလို့ ကျနော်ဆုတောင်းမိတယ်။ စျေးလည်းကောင်းပါစေ၊ ကျနော်တို့ ဒီတနှစ် နှမ်းတကယ်ကောင်းခဲ့၊ စျေးကောင်းခဲ့တယ်ဆို နောက်နှစ်ဆို ကျနော်တို့ တော်တော်လေး ပြန်အဆင်ပြေ သွားနိုင်တယ်ပေါ့နော်။” လို့ ရွာသစ်မြို့ခံတဦးက ပြောပါတယ်။

ရွာသစ်ဒေသခံတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတခုဖြစ်တဲ့ နှမ်းကိုသာ အသက်မွေးဝမ်းကျောင်းအဖြစ် အားထားကြပါတယ်။ ရရှိလာတဲ့ နှမ်းကို ရောင်းချပြီးမှ တနှစ်စာအတွက် ဆန်ရိက္ခာကို ဝယ်ယူသိုလှောင်ကြတာပါ။

နှမ်းစိုက်ရာသီ၊ ပေါင်းလိုက်ရာသီ၊ ရိတ်သိမ်းရာသီ မဟုတ်တဲ့ အချိန်တွေမှာ ပြင်ပထွက်ပြီး ဝင်ငွေရနည်းလမ်းတွေကို ရှာဖွေစားသောက်ကြပါတယ်။ ဒါ့ကြောင့် နှမ်းစိုက်ရဖို့နဲ့ နှမ်းအထွက်ကောင်းဖို့အပြင် စျေးကောင်းရဖို့က ရွာသစ်ဒေသခံတွေရဲ့ တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ