spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

ကလေးနှင့် စိတ်ဒဏ်ရာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အရွယ်ရောက်ပြီးတဲ့ လူကြီးတဦးဟာ စိတ်ဖိစီးမှုများလာတဲ့အခါမှာ “အပူအပင်မရှိတဲ့ ကလေးဘဝကို တခါပြန်ပြီးရချင်တယ်” လို့ ညည်းတွားမိကြပါတယ်။ ငယ်ရွယ်သေးတဲ့ ကလေးလေးတွေမှာ ပူပင်စရာမရှိကြဘူးလို့ ယူဆကြတာကြောင့်လည်းဖြစ်ပါတယ်။

တကယ်တမ်းတော့ ကလေးတွေမှာလည်း စိတ်ပူပန်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ များစွာရှိ နေပါတယ်။ အထူးသဖြင့် ဒီလိုအကျပ်အတည်းကာလတွေမှာ ကလေးတွေဟာ သူတို့သင်ယူချင်တဲ့ ပညာတွေ အပြည့်အဝ မသင်ယူနိုင်တာ၊ လွတ်လွတ်လပ်လပ် ဆော့ကစားလို့မရတာတွေက သူတို့ကို ပိုပြီး စိတ်ဖိစီးမှုများစေမှာ အသေအချာပါပဲ။

ဒီ ၂၀၂၅ ခုနှစ်ထဲမှာပဲ ကရင်နီမှာ ကျောင်းနေအရွယ်ကလေးတဦးဟာ မိမိကိုယ်မိမိ အဆုံးစီရင်တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒါဟာ ကလေးတွေမှာလည်း သူအရွယ်နဲ့သူ စိတ်ဖိစီးမှုရှိတယ်ဆိုတာကို ဒီဖြစ်စဉ်က သက်သေပြလိုက်တာပါပဲ။

ဒါကြောင့် လူကြီးမိဘတွေအနေနဲ့ မိမိရဲ့ ကလေးတွေကို “ကလေးပဲ ဘာပူပန်စရာရှိလဲ” ဆိုပြီး သူတို့ရဲ့ ခံစားချက်တွေကို လျှော့တွက်မထားသင့်ပါဘူး။ ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေဟာ ပိုပြီးနက်ရှိုင်းသွားနိုင်တယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ အသက်မပြည့်သေးတဲ့ (၁၈) နှစ်အောက်ကို ကလေးလို့ သတ်မှတ်ထားကြပါတယ်။

ကလေးတွေဟာ လူကြီးတွေလောက် ပြဿနာတွေကြီးကြီးမားမားမရှိဘူးလို့ ထင်ရပေမဲ့ သူတို့ရဲ့ ကမ္ဘာငယ် လေးထဲမှာတော့ နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဆိုတာ ရှိမြဲဖြစ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို ခံနိုင်ရည်အားရှိတာထက် ကျော်လွန်သွားတဲ့အခါ စိတ်ဒဏ်ရာဖြစ်လာတာပါ။

ကလေးငယ်တဦးဟာ သူတို့ရဲ့ အချစ်ဆုံးအရုပ်လေး ပျောက်သွားတာကအစ အိမ်မွေးတိရစ္ဆာန်လေး ဆုံးရှုံးလိုက်ရတာ၊ သူငယ်ချင်းနဲ့ အဆင်မပြေတာ၊ သူငယ်ချင်းတွေနဲ့ ခွဲခွာရတာ၊ ဆော့ကစားဖို့ အပြင် မထွက်ရတာ၊ ကျောင်းပြောင်း၊ အိမ်ပြောင်းတာတွေကအဆုံး စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အစားအစာ ဝဝလင်လင်မစားရတာ၊ လုံခြုံတဲ့နေရာမှာ မနေရတဲ့အတွက် ရာသီဥတုရဲ့ ပူလွန်း၊ အေးလွန်းတဲ့ ဒဏ်တွေခံစားရတာ၊ လက်နက်ကြီးသံ၊လေယာဉ်ဝဲတွေ၊ ပတ်ဝန်းကျင်ရဲ့ စိတ်ကြွ၊ သွေးကြွပြီး ပြုမူလုပ်ဆောင်နေတဲ့ အဖြစ်အပျက်တွေကလည်း ကလေးတွေကို စိတ်ဖိစီးမှုဖြစ်စေတာပါ။

ဒါတွေအပြင် သူ့ရဲ့ မိဘနှစ်ပါး ကွဲသွားတာ (သို့မဟုတ်) မိဘတွေက ခဏခဏ စကားများတာ၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားတာ၊ မိဘတွေက အချိန်မပေးနိုင်တာ၊ မိဘတွေအနေနဲ့ သားသမီးတွေ အပေါ် မျှတစွာ ပြုမှုဆက်ဆံမှုမရှိတဲ့အချိန်တွေမှာ ကလေးငယ်တွေဟာ စိတ်ဖိစီးမှုကနေ စိတ်ဒဏ်ရာ အထိ ဖြစ်နိုင်ပါတယ်။

နောက်ထပ်သတိထားရမယ့်အချက်က ပတ်ဝန်းကျင်မှာ ကလေးအကြီးတွေက ကလေးအငယ်တွေကို နိုင်ထက်စီးနင်းပြုတာတွေ မြင်တွေ့ရတဲ့အခါ သူတို့ဟာ ကြောက်စိတ်တွေဝင်ပြီး လူတွေကို ကြောက်တတ်တဲ့ စိတ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးဆိုတာ အင်မတန်နုနယ်သေးတဲ့အရွယ်ဖြစ်သလို သူတို့ရဲ့နေ့စဉ်နေ့တိုင်း တိုးတက်မှုတွေအတွက် အနီးဆုံးမှာရှိတဲ့သူတွေကို အတုခိုးပြီး ဘဝသင်ခန်းစာတွေ သင်ယူနေတာဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘတွေအနေနဲ့ မိမိရဲ့ ကလေးတွေကို ကောင်းတဲ့အပြုအမူတွေနဲ့ နွေးထွေးကြင်နာစွာနဲ့ ဆက်ဆံသင့်ပါတယ်။

ကလေးတွေမှာ စိတ်ဖိစီးမှုဖြစ်တဲ့အခါ လူကြီးတွေလို သိသာတဲ့ လက္ခဏာတွေမပြတတ်ကြတာကြောင့် မိဘတွေနဲ့အနေနဲ့လည်း ကလေးရဲ့စိတ်ဖိစီးမှုကို အမှတ်တမဲ့ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အကဲခတ်လို့ ရပါတယ်။

မိမိရဲ့ကလေးက ပုံမှန်နေ့တွေနဲ့မတူဘဲ အာရုံစူးစိုက်မှုနည်းနေတာ၊ ရန်လိုတဲ့ အမူအရာတွေပြတာ၊ ဒေါသဖြစ်တာ၊ တယောက်တည်းနေရမှာကြောက်တာ၊ ညအမှောင်ကိုကြောက်တာ၊ ဂဏာမငြိမ်တာ၊ တယောက်တည်းနေနေတာ စတာတွေက စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ သေချာပါပြီ။

ဒါကြောင့် ကလေးရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့ ဖွံ့ဖြိုးလာတဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ အပြုအမူတခုခုနဲ့ စိတ်ဖိစီးမှုရဲ့ သဘောတရားတွေကို သိနားလည်အောင်နဲ့ လျော့ကျသွားအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။

လူကြီးမိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှုကို နည်းမျိုးစုံနဲ့ ကာကွယ်နိုင်ပါတယ်။ သူတို့ရဲ့ နားလည်မှုလွဲနေတာလေးတွေကိုလည်း တည့်တည့်မတ်မတ်ဖြစ်သွားအောင် (သို့မဟုတ်) လျော့အောင် လုပ်ပေးနိုင်ပါတယ်။

ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာလည်း သူ့တို့တွေပျော်အောင် ကစားခိုင်းပြီး၊ သူလိုအပ်တာလေးတွေကို ထောက်ပံ့ ကူညီပေးတာကလည်း စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ သူတို့ရဲ့ လိုအပ်တာလေး တွေကို စီမံလုပ်ကိုင်ပေးတာ၊ သူတို့ရဲ့ ခံစားချက်လေးတွေကို သင့်လျော်တဲ့နည်းလေးတွေနဲ့ ဖော်ဆောင် ပေးတာတွေလည်း သူတို့ကို စိတ်ဖိစီးမှုလျော့ချတာကို ကူညီနိုင်ပါတယ်။

မိမိရဲ့ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှုတွေလျော့ချအောင် ကူညီပေးခြင်းဖြင့် သူတို့ရဲ့ ဘဝမှာ အကောင်းမြင်တတ်တဲ့၊ အပြုသဘောဆောင်တဲ့ လူငယ်အဖြစ် သူတို့ရဲ့ဘဝကို အသင့်လျော်ဆုံး လျှောက်လှမ်းနိုင်တယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။

ကိုးကား – NUG MOH website

spot_img

Recent posts