ကန္တာရဝတီတိုင်း ( မ် )
မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို စက်မှုလုပ်ငန်းအပါအဝင် အလုပ်အကိုင် အမျိုးအစား ရှစ်မျိုးကို တရားဝင် လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ တရားဝင် အလုပ်လုပ်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့အပေါ် ကရင်နီဒုက္ခသည်စခန်း အမှတ် -၁ က လူထုတွေ ဘယ်လိုမျှော်လင့်ကြပါသလဲ။ ကရင်နီဒုက္ခသည်စခန်း အမှတ်-၁ က လူထုတချို့ရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
စိုးရယ် ( အသက် ၃၂နှစ်အရွယ် အမျိုးသားတစ်ဦး )

“ကျနော်တို့က ဒုက္ခသည်နေရာမှာ သွားနေတယ်ဆိုတော့ သွားရှာစားဖို့ ခက်ခဲတယ်။ ထိုင်းက ကျနော်တို့ကို ခွင့်ပြုတယ်ဆိုတော့ ကျနော်တို့လုပ်နိုင်ရင် တရက်တရက်စာအတွက် လုံလုံလောက်လောက်ရှာနိုင်တယ်ပေါ့။ တချို့လူက သူတို့လုပ်တာ မထူးဘူးလို့ပြောတာ အပြင်မှာကြားရတယ်။ ထိုင်းက ကျနော်တို့ကို အလုပ်လုပ်ခွင့်ပေးလို့ ကောင်းတယ်ပေါ့။ ကောင်းတယ်ဆိုတာ ကျနော်တို့လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်ပေါ့။ ဒီမှာနေတော့ သွားစရာမရှိ၊ စားစရာမရှိတော့၊ သူများတွေလဲ မကျွေးတော့ဘူး အလူရှင်လည်း အကန့်အသတ်နဲ့ သတ်မှတ်ပေးတယ်ဆိုတော့ ကျနော်တို့ ဒီဒုက္ခရောက်တဲ့ နေရာမှာဆိုတော့ ရှေ့ဆက်ဖို့ ခက်ခဲတယ်ပေါ့နော်။ တောင်ယာတွေမလုပ်ခိုင်း၊ ဘာမှမလုပ်ခိုင်းရင်တော့ ဒီတိုင်းပဲနေတော့ ဘာတွေစားမလဲ။ ဆန်လဲမပေးတော့ဘူး၊ ဟင်းတွေလဲမပေးတော့ဘူးဆိုတော့။ ခုလုပ်ပေးတာ အခွင့်အရေးပေးတာ လုပ်ချင်တယ်ပေါ့။ ဒီဖက် ထိုင်းကိုလဲ ကျေးဇူးတင်တယ်။
ဘော်မယ် ( အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး )

“အခုဆို အထောက်အပံ့လည်းမရတော့ဘူးလေ။ ဒီသတင်းကြားရတော့ ပျော်တယ် အလုပ်လည်း အမြန်ဆုံး ရချင်နေပြီပေါ့နော။ ဒါပေမယ့် အခုထိ လုပ်ငန်းစဉ်က မစသေးတော့ ဘားမှတော့လုပ်လို့မရသေးဘူးပေါ့။ အလုပ်လုပ်ဖို့ လက်မှတ်ရရင်တော့ ပိုပြီးစိတ်ချလို့ရတာပေါ့ သွားလာရတာ ပိုလွတ်လပ်မယ်။ ထိုင်းနိုင်ငံမှာ တရားဝင်လက်မှတ်လုပ်ပေးမယ်ဆိုရင် တတိယနိုင်ငံသွားဖို့ အာမခံချက်မရှိဘူးဆိုရင် ထိုင်းမှာဘဲနေမယ်။ အခွင့်ရေးရမယ်ဆိုရင် ကျမတို့ရှာစားလို့လည်း အဆင်ပြေတယ်။”
ဦးလုကာ ( အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး )

“ကျနော်တို့အတွက်ကောင်းတယ် စားဝတ်နေရေးအတွက်ပေါ့နော်။ ခုတော့ ကျနော်တို့ကို ရိက္ခာလည်း မထုတ်ပေးတော့ဘူးဆိုတော့ အကယ်၍ ဖွင့်ပေးမယ်ဆိုရင် အလုပ်သွားလုပ်ဖို့ သွားလာရေးအတွက် လွတ်လပ်တော့ ကျနော်တို့အတွက် ကောင်းတယ်။ ဘယ်ချိန်လုပ်ပေးမလဲ ကျနော်တို့ကို မြန်မြန်လုပ်ပေးစေချင်တယ်။ ဖွင့်ပေးမယ်ဆို အရမ်းကောင်းတယ်။ ဒါတွေက ကျနော်တို့စားဝတ်နေရေးအတွက် ဖူလုံလို့ သက်သာတယ်ဆိုတော့ လုပ်ပေးရင် ကောင်းတယ်လို့စဥ်းစားနေတယ်။ အလုပ်က ဘာအလုပ်လဲဆိုတော့ ကြိုမသိသေးဘူးပေါ့နော်။ ဆိုတော့ အလုပ်က ကျနော်တို့နဲ့ ကျနော်တို့မိသားစုအတွက်လည်း လုံလောက်တယ်၊ သင့်တော်တဲ့ဟာကိုပဲ ကြည့်သင့်တယ်။ ဒါပေမယ့် ကျနော်တို့အတွက် မသင့်တော်ဘူးဆိုရင် တခြား အလုပ်အမျိုးအစားကို ပြန်ရှာရမှာပေါ့။
ဒေါ်အယ်ဝါး ( အသက် ၄၂နှစ်အရွယ် အမျိုးသမီး )

“ခုက ကြပ်တည်းတဲ့ ကာလဖြစ်နေတော့ အလှုရှင်တွေဖက်က စားနပ်ရိက္ခာ ရပ်စဲထားတော့ အကုန်လုံး ခက်ခဲရှိကြတာပေါ့။ ကျမတစ်ယောက်ထဲအတွက်ဘဲဖြစ်စေ၊ ကျမရဲ့မိသားစုအတွက်ဖြစ်စေ အားလုံးအတွက်ဖြစ်စေ အလုပ်သမားကဒ်လုပ်ပေးမယ် အခွင့်ရေးပေးမယ် အလုပ်သွားလုပ်လို့ရပြီဆိုရင်ပေါ့နော။ ကျမတို့အတွက်တော့ ပိုအဆင်ပြေမှုရှိတာပေါ့။ ဘာလို့ စောင့်ကြည့်နေရလဲဆို စားဝတ်နေရေးအတွက်ကော၊ ကျန်းမာရေးအတွက်ဖြစ်စေ သွားလာဖို့ အခွင့်ရေးရဖို့က မျှော်လင့်နေရတာ ကြာပြီပေါ့နော။ သူတို့က လက်မှတ်လုပ်ပေးပြီး လွတ်လပ်ခွင့်ပြုမယ်ဆိုရင် ဒါ ကျမတို့အတွက်တော့ သိပ်ကောင်းတာပေါ့နော်။ ဖမ်းဆီးမှုမလုပ်တော့ဘူး လွတ်လပ်သွားလာခွင့်ရမယ်ဆိုရင် ကျမတို့အတွက်တော့ အဆင်ပြေတာပေါ့။ တစ်ခုရှိတာက ကြားထဲမှာ သူတို့စကားလည်းနားမလည် သဘောမပေါက်လို့ ကြောက်နေတဲ့လူတချို့လည်း ရှိမယ်ထင်ပါတယ်။ လက်မှတ်မရှိလို့ သွားလာတဲ့အခါ အခက်အခဲရှိတယ် ခိုးသွားသည်ဖြစ်စေပေါ့။ အလုပ်သမားကဒ်လုပ်ပေးပြီး တခြားသူတွေနဲ့ တန်းတူအခွင့်အရေးပေးမယ်ဆိုရင် ကောင်းတာပေါ့နော။
ဦးဆော်ရယ် ( အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး )

“ကျနော်မျှော်လင့်နေတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ အလှူရှင်အဖွဲ့တွေက ရိက္ခာတွေ မပေးတော့ဘူးလေ။ ကျနော်မျှော်လင့်တာက သူများတွေ အလုပ်သမားကဒ်လုပ်ပေးဖို့ အလုပ်လုပ်ရဖို့ မိသားစုတွေ ကျွေးမွေးနိုင်ဖို့ပေါ့။ တခြားမျှော်လင့်တာလည်းရှိတယ် အကယ်၍ UN အခွင့်အရေးရှိလို့ တတိယနိုင်ငံသွားနိုင်ဖို့ပေါ့။ ဒါပေမယ့် အခွင့်အရေးမရှိဘူး ဒီမှာပဲ နေရမယ်ဆိုတော့လည်း အလုပ်လုပ်ခွင့်ရဖို့ပါပဲ။ အရင်ကဆို တခြားနေရာမှာအလုပ်လုပ်ဖို့ တိတ်တိတ်လေးခိုးသွားရတာရှိတယ် ညဖက်ပေါ့။ အခုဆိုရင်တော့ နေ့ဖက်လည်း လွတ်လွတ်လပ်လပ် သွားလို့ရပြီလို့ ထင်တယ်။”