ကန္တာရဝတီတိုင်း(မ်)
၂၀၂၅ ခုနှစ် ၊ သြဂုတ်လ (၈) ရက်နေ့က ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ဘက်ကို ဦးတည်လာတဲ့ စစ်ကော်မရှင်တပ်ဟာ အရပ်သား ပြည်သူတွေကို လူသားဒိုင်းကာ အဖြစ် အသုံးပြုတာတွေ၊ မတရား ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒရုန်းဖြင့် ရိုက်ကူးထားတဲ့ မှတ်တမ်းနဲ့တကွ မနေ့က သြဂုတ်လ (၁၈) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတချို့မှာ အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ၊ စစ်ကြောင်းရဲ့ အရှေ့ဆုံးမှာ သွားလာစေခိုင်းတာတွေ ၊ စစ်သုံးပစ္စည်းတွေကို သယ်ဆောင်စေခိုင်းတာတွေ စတဲ့ လုပ်ရပ်တွေကို မှတ်တမ်းနဲ့အတူ KNDF ရိုက်ကူး ယူထားတာတွေ ရှိတယ်လို့လဲ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့က ကျေးရွာတစ်ရွာအတွင်းရှိ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကိုလည်း အမေးအမြန်းမရှိပဲ တမင် ပစ်ခတ် ၊ ဖမ်းဆီးတာတွေကို ပြုလုပ်နေတဲ့ လုပ်ရပ်တွေကိုလည်း မှတ်တမ်း ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင် တပ်များရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကြောင့် စစ်ကြောင်းထိုးလာတဲ့ ဒီးမောဆို -ဖရူဆို လမ်းမကြီးတစ်လျှောက် အများပြည်သူများ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြီးခဲ့ တဲ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ သြဂုတ်လ (၁၉) ရက်နေ့ကနေ (၂၁)ရက်နေ့ အထိ (၃) ရက်အတွင်း ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနီး၊ ဘီလူးချောင်းအရှေ့ဖက်ကမ်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွေ့ပြောင်း တိမ်းရှောင်ကြဖို့ မနေ့က သြဂုတ်လ (၁၈) ရက်နေ့မှာလဲ KNDF ရဲ့ တပ်ရင်းတွေက ပူးတွဲ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့ပေါ်အတွင်းမှာ အရပ်သားနှစ်ဦး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်လဲ ရှိခဲ့ပါတယ်။