spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်း တစ်နေရာကို လက်နက်ကြီးကျရောက်ပြီး နေအိမ်တချို့ထိမှန်ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတစ်နေရာကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာ နှစ်ခုမှာ လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
” လက်နက်ကြီးကျသွားတာက (၁၀)နာရီဝန်းကျင်လောက်ပေါ့။လူတော့ မထိခိုက်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုတော့ နည်းပါးရှိတယ်ပေါ့နော်။ ကျတာက သုံးလုံး အိမ်ထိခိုက်မှုက သုံးလုံးလောက်ရှိပါတယ်။ ဒါပေမယ့် သုံးလုံးထဲမှာ တစ်လုံးက ပျက်စီးမှုပိုများတယ်။” လို့ နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နေအိမ်အပြင် လက်ကိုင်ဖုန်းတစ်လုံး ၊အင်ဗာတာ နှစ်လုံး၊ အဝတ်အစားတွေလည်း ပျက်စီးခဲ့ပြီး အနီးအနားက နေအိမ်တွေမှာလည်း လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ကျနော့် အနေနဲ့ကတော့ စစ်ဘေးရှောင်တွေ ပြည်သူထုတွေရဲ့ အိုးအိမ်တွေရှိတဲ့ ဖက်ကို ဒီလိုမျိုးပစ်လာတာတော့ မကောင်းဘူးလို့ ကျနော်ကတော့ ယူဆမိတယ်ပေါ့။ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေလဲ ဝယ်ရမယ့် အချိန်ဆို ပိုက်ဆံတွေ လေး၊ ငါးလ လောက်စု ရမယ့် အရာကို သူတို့က (စစ်ကော်မရှင်) တစ်ရက်ထဲနဲ့ပဲ ပစ်ခတ်သွားတာမျိုး ပျက်သွားတာမျိုးပေါ့။အဲ့လို ဆုံးရှုံးသွားတော့ ကျနော်တို့လဲ နှမြောမိတယ်ပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတာပါ။ စစ်ကော်မရှင်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်းက လူထုရှိရာဖက်ကို လက်နက်ကြီး မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင် လူထုတွေဟာ စိုးရိမ်ပူပန်မှုနေကြပါတယ်။
spot_img

Recent posts