spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

ဘီးလူးချောင်းရေကြီးမှုကြောင့် တောင်သူများ ပြောင်းသီးနှံတွေ ဆုံးရှုံးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စုအတွင်းက တောင်သူတွေဟာ ပြောင်းရိတ်သိမ်းရာသီကို ရောက်လာပေမယ့် ဘီးလူးချောင်းရေမကျသေးတာကြောင့် ပြောင်းသီးနှံဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရသလို ရေထဲမှာပဲ ပြောင်းတွေ ချိုးယူရိတ်သိမ်းနေကြရပါတယ်။
ပြောင်းဖူးတွေ အသီးစထွက်ချိန်ကတည်းက ရေတွေစတင်နှစ်မြုပ်ပြီး ဘီလူးချောင်းဘေးက စိုက်ခင်းတွေဟာ ပျက်စီးဆုံးရှုံးမှုပိုများတယ်လို့ ပြောင်းစိုက်တောင်သူ အမျိုးသား တစ်ဦးက အခုလို ပြောပါတယ်။
“ ချိုးလို့ ရသေးလားဆိုရင် တချို့ကျ‌တော့ ပျက်ကုန်ပြီ။ ချိုးလို့ မရတော့ဘူး။ ပြောင်းဖူးတွေက ပျက်ကုန်တယ်။ ရေထဲမှာ အကုန်လုံး လှဲကုန်တာကော။ အဲဒါတွေကျတော့ မရတော့ဘူး။ ရတဲ့နေရာကျတော့လည်း နည်းနည်းပဲ ကျန်တာပေါ့။ ဒီချောင်းဘေးတကျောဆိုရင်တော့ တော်တော်များများက ပါသွားတယ်။ အများကြီးတော့ ဆုံးရှုံးသွားတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ကြုံရတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ပိုများတာပေါ့။ ရေလည်း စောစော ပိုတက်တာ ဆုံးရှုံးမှုတွေ ပိုများတယ်” လို့ ပြောင်းစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းနေသေးတာကြောင့် ရေပြန်ကျဖို့ မဖြစ်နိုင်သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ တချို့ပြောင်းတွေ က ရေနှစ်မြုပ်တာကြာလို့ အချိန်မတန်သေးဘဲ ချိုးလိုက်ရတာတွေကြောင့် ပြောင်းဆံမလှတာ၊ ပြောင်းဆံသေးပြီး အလေးချိန်မပြည့်တာတွေရှိနေသလို စျေးနှိမ်ခံရတာတွေလည်းရှိတယ်လို့ အဆိုပါ တောင်သူအမျိုးသားက အခုလို ဆက်ပြောပါတယ်။
“ရေကတော့ ပြန်ကျဖို့ မရှိလောက်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် မိုးကရွာသေးတယ်။ ပြောင်းဖူးကလည်း သိမ်းချိန်ရောက်နေပြီ။ မိုးကရွာသေးတယ်ကော။ ပြီးတော့ ပြောင်းစျေးကလည်း မကောင်းဘူး ။ ပြီးတော့ ချိုးတဲ့ လူတွေကလည်း ရေထဲမှာပဲ ချိုးကြတယ်။ အချိန်မရောက်သေးပဲ ချိုးလိုက်တော့ ပြောင်းစေ့တွေက မလှဘူး ။ မလှဘူးဆိုတော့ စျေးနှိမ်ခံရတာတွေ ဘာတွေ တော့ ရှိတာပေါ့။ ဒါက အခက်အခဲ တချို့တွေပေါ့နော်” လို့ သူက ပြောပါတယ်။
ရေနစ်မြုပ်သွားတဲ့ ပြောင်းစိုက်ခင်းတွေဟာ ဒေါ်တချားကျေးရွာကနေ စတင်ပြီး လောပိတ ၊ လောဓလေး အထိ ဘီးလူးချောင်းဘေး တကျောလုံးက ပြောင်းစိုက်ခင်းတွေ နှစ်မြုပ်ကုန်တာ ဖြစ်ပါတယ်။ နှစ်မြုပ်သွားတဲ ဧက အတိအကျကိုတော့ မပြောနိုင်ပေမယ့် မိုက်ကန်းကျေးရွာ တစ်ရွာတည်းကို ဧကပေါင်း ၆၀ ဝန်းကျင် နှစ်မြုပ်နိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ရေနှစ်မြုပ်တာတွေ ကြုံခဲ့ကြရပေမယ့် ယခုနှစ်က ရေတက်စောတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေက ပိုများတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့နယ် လောပိတ ကျေးရွာအုပ်စုအတွင်းမှာတော့ အဓိက စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းအတွက် တောင်ယာ လုပ်ငန်းဖြစ်တဲ့ ပြောင်း ၊ ပဲစေ့ငုံတွေကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
spot_img

Recent posts